အအေးမိ၊ တုပ်ကွေး မဖြစ်ရလေအောင်
မိုးရာသီဟာ ကျန်တဲ့ ရာသီတွေထက် အအေးမိ၊ တုပ်ကွေးရောဂါတွေပိုအဖြစ်များပါတယ်။ ကိုယ်ခံအားနည်းတဲ့သူ၊ မိုးရေခဏခဏ စိုတဲ့သူတွေက အအေးမိ၊ တုပ်ကွေး ဖြစ်တတ်တာက ဓမ္မတာပါပဲ။ တုပ်ကွေးရောဂါက တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်လို့ သတိထားကာကွယ်ဖို့ လိုပါတယ်။
ဘာ့ကြောင့် မိုးရာသီမှာ အအေးမိ၊ တုပ်ကွေး ပိုဖြစ်တာလဲ?
- နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ရှိတဲ့ အမွှေးနုလေးတွေ နဲ့ အကျိအချွဲတွေက ပြင်ပက ဝင်လာတဲ့ ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် စိုစွတ်ပြီး အေးတဲ့ ရာသီဥတုတွေမှာတော့ အဲဒီ ကာကွယ်တဲ့စနစ်က အားနည်းသွားတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတယ်။
- အအေးမိ၊ တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေဟာ ပူအိုက်တဲ့ ရာသီထက် အေးပြီး စိုစွတ်တဲ့ ရာသီတွေမှာ ပိုပြီးတော့ ရှင်သန်နိုင်တဲ့အတွက် မိုးရာသီမှာ ရောဂါဖြစ်နှုန်းကို ပိုများစေပါတယ်။
- မိုးရာသီမှာ နေရောင်ခြည်ကနေ ကိုယ်ခံအားကို ကောင်းစေတဲ့ ဗိုက်တာမင် ဒီ ရရှိမှု နည်းသွားတဲ့အတွက် ကိုယ်ခံအား ကျလာတာကလည်း ရောဂါရလွယ်စေတဲ့ အကြောင်းတစ်ခုပါ။
အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေထဲမှာ ရာသီတုပ်ကွေး ဖြစ်စေတဲ့ Influenza ဗိုင်းရပ်စ်ကနေ H5N1 နဲ့ covid ဗိုင်းရပ်စ်တို့လို အပြင်းစား ဗိုင်းရပ်စ်တွေထိ ပါဝင်ပါတယ်။
လူထူတဲ့ နေရာတွေ၊ အလုံပိတ်အခန်းတွေထဲမှာ အအေးမိ၊ တုပ်ကွေး ဖြစ်နေသူက နှာခေါင်းနဲ့ ပါးစပ်ကို မအုပ်ဘဲ ချောင်းဆိုး၊ နှာချေတဲ့အခါ၊ ရောဂါပိုးတွေ ကပ်ငြိနေတဲ့ မျက်နှာပြင်တွေ၊ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီး လက်ကို ဆပ်ပြာနဲ့ သို့မဟုတ် hand gelနဲ့ မဆေးတဲ့အခါ တစ်ဦးကနေ တစ်ဦးကို လွယ်ကူလျင်မြန်စွာ ကူးစက်နိုင်ပါတယ်။
ကိုယ်ခံအား ကောင်းနေတဲ့အခါ ရောဂါပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တာမို့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။
အအေးမိ၊ တုပ်ကွေး မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်…
ကျန်းမာအောင် နေထိုင်စားသောက်ပါ
ရောဂါတွေကို ကာကွယ်နိုင်တဲ့ ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ်တွေ ကြွယ်ဝတဲ့ လတ်ဆတ်တဲ့ သစ်သီးနဲ့၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတွေ နေ့စဥ် ပါဝင်အောင် စားပါ။ ကိုယ်ခံအား ကောင်းစေမယ့် စွပ်ပြုတ်ပူပူလေး နဲ့ green tea စသည်ကို သောက်ပါ။ ရေများများ သောက်ပါ။
နေ့စဥ်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝအောင် အိပ်တာတွေကလည်း ကိုယ်ခံအားကောင်းပြီး လန်းဆန်းစေပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
လက်ကို ခဏခဏ ဆေးပါ။ ဆပ်ပြာနဲ့ ဖြစ်စေ၊ hand gel နဲ့ ဖြစ်စေ သန့်ရှင်းရေး လုပ်ပေးပါ။ ဖြစ်နိုင်ရင် အိမ်မှာ၊ ရုံးမှာ ရှိတဲ့ ပရိဘောဂတွေ၊ မျက်နှာပြင်တွေ၊ တံခါးလက်ကိုင်တွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပါ။
မကူးစက်အောင် ဂရုစိုက်ပါ
မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲ ဖြစ်ဖြစ် နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့ရင် တစ်ဦးကနေ တစ်ဦးကို မကူးစက်အောင် တတ်နိုင်သမျှ သီးသန့်နေပါ။ အနားယူပါ။ နှာစေး၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ။ နှပ်နဲ့ သလိပ်တွေကို လုံခြုံစွာ ထုပ်ပိုးပြီး စွန့်ပစ်ပါ။
ကာကွယ်ဆေး ထိုးပါ
မိုးရာသီကို ရောက်တာနဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားတာက အအေးမိ၊ တုပ်ကွေး ဖြစ်နိုင်ခြေ နည်းသလို ဖြစ်လာခဲ့ရင်လည်း ပြင်းထန်မှု မရှိတတ်ပါဘူး။
ရာသီတုပ်ကွေးက အသက်အန္တရာယ် ဖြစ်နိုင်တာ နည်းပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။ ကိုဗစ်လို ဗိုင်းရပ်စ်ပိုးတွေရဲ့ လက္ခဏာတွေကလည်း ရာသီတုပ်ကွေး လက္ခဏာတွေနဲ့ ဆင်တူတာမို့ ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်တာကသာ အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်း ဖြစ်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်